Quantcast
Channel: ဝီရဓမ္မ
Viewing all articles
Browse latest Browse all 296

သံဃာ့ဂိုဏ်း မသင့်စေဖို့

$
0
0


မိမိသည် နိုင်ငံရေး ဘုန်းကြီးမဟုတ်ပါ။ နိုင်ငံရေးပိုစ့်များလည်း မရေးပါ။ သို့သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည်။
အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံး ရေးသားတော်မူခဲ့သည်။ သုတ္တန်ဘာသာဋီကာ တစ်အုပ်သာ ရေးဖို့ကျန်ခဲ့သည်။ ရုပ်ပုံ ရှင်ကျင့်ဝတ်မှစ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ်မှသည် အဆင်မြင့်မားလွန်းသောစာပေများ သံဃာထုအားလုံး အသုံးပြုကြရသည်။ လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာမှသည် အဆင့်မြင့် ပုဂ္ဂိုလ်ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်းများစွာ ရေးသားတော်မူခဲ့သည်။ သာသနာတော်ဝယ် နေလိုလလို ထွန်းတောက်တော်မူခဲ့၍ ၂၁ရာစု ဗုဒ္ဓဃောသဟုပင် နာမည်တွင်ခဲ့ နာမည်တွင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။
တိပိဋကဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ
အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်းတစ်ပါး ဖြစ်တော်မူသည်။ သက်တော် ၂၇ သိက္ခာဝါတော် ၇ဝါမျှဖြင့် တိပိဋကဓရဖြစ်တော်မူခဲ့၍ တိပိဋကဓရ ဖြစ်သည့်နှစ်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကို တည်ထောင်တော်မူသည်။ တစ်ကြိမ်ပို့ချလျှင် တစ်နာရီခွဲဖြင့် တစ်နေ့လျှင် စာဝါ ၇ဝါ၊ ၈ဝါမျှ ပို့ချတော်မူခဲ့သည်။ မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှူးကြီးစောမောင်ဦးဆောင်သော နဝတအစိုးရအား သပိတ်မှောက် သံဃာကံပြုတော်မူကြသည်။ သာသနာအတွက် အသက်စွန့်လှူထားတော်မူသော တိပိဋကဓရဆရာတော်သည် သပိတ်မှောက် ကံဆောင်သောသတင်းကို ကြားသောအခါ မိမိတပည့်များအား သြဝါဒပေးတော်မူသည်။ သံဃာဆိုတာ ညီညွတ်ရသည်။ သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့တိုင်အောင် သာသနာတော်တည်နေခြင်း ဖြစ်သည်။ မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော် သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည်။ သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည်ဟု မိန့်တော်မူသည်။အင်းစိန်ရွာမတိုက်အုပ်ဆရာတော်၊ ရွှေဘုန်းပွင့်ဆရာတော်၊ ကျောက်ကုန်းမေဒိနီဆရာတော် ၊စသော ထင်ရှားသော ဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်ကဥက္ကဋ္ဌ၊ အင်းစိန်ရွာမတိုက်အုပ်ဆရာတော်ကအတွင်းရေးမှူး၊ တာဝန်ယူကာ စစ်အစိုးရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။

တပည့်စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ထပ်ကြီးဘုရားတွင် အစိုးရအား သပိတ်မှောက်ကံ ပြုစေတော်မူသည်။ဒီသံဃာသပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော စစ်အစိုးရသည် ထိုသို့ သပိတ်မှောက်ကံပြုခံသည်ကို အစပိုင်းတွင် မမှုခဲ့ပါ။ နိုင်ငံတော်လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကို ပင့်သည်။ မက်မောလောက်အောင် TVအောက်စက်မှအစ လှူသည်။ သို့သော် ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ။ အစိုးရပြုလုပ်သော သံဃာအခမ်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေကြသည်။ ထို့ထက်ဆိုးသည်ကား စစ်တပ်မိသားစုဝင်များ ကွယ်လွန်သော် အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိ၊ ဖြစ်ရသည်။ မိမိတို့ တိပိဋကမဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆စစ်တပ်နှင့်နီး၍ ထိုသတင်းများကို သိခဲ့ရသည်။ မိသားစုဝင်သေလို့မှ အသုဘရေစက်ချ သရဏဂုံ တင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသော အောက်ခြေစစ်တပ် မိသားစုနှင့် အထက်အရာရှိများမှတဆင့် ထိပ်တန်းခေါင်းဆောင်များ ပြဿနာတက်ရတော့မည့် အခြေအနေတွင် နဝတအစိုးရမှ အမိန့်ထုတ်သည်။ သပိတ်လှန်မပေးလျှင် ပြင်းထန်စွာ အရေးယူမည်ဟု ဆရာတော့်ထံ စာပို့သည်။ မြန်မာ့အသံမှ တစ်နာရီခြား တစ်ခါ ထိုအမိန့်ကို အသံလွှင့်သည်။ အမိန့်ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေးများ အဆက်မပြတ် ထုတ်လွှင့်ခဲ့သည်။
ဆရာတော်က သပိတ်လှန်လက်မှတ် ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကို သိတော်မူသော ဆရာတေ်၏ဆရာ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့် ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ရေးထိုးစေတော်မူသည်။ ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့သည်။ ထိုညက မှတ်မှတ်ရရ မိုးကြိုး(၁၂) ကြိမ်ကျော်မျှ ပစ်သံကြားရသည်။ နဝတအစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း စစ်အစိုးရမှ အာဃာတတရားကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့ သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်။ ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်းမကြား တစ်လလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခံရကြောင်း သိကြရသည်။
မြစ်ကြီးနားထောင်မပို့ခင် စစ်ခုံရုံးသို့ပို့သည်။ ဆရာတော်အား စစ်ဆေးမည့် ဗိုလ်မှူးကြီးအား အခြားဗိုလ်မှူးတစ်ဦးမှ မင်းစစ်ဆေးရမည့်သူက တခြားသူမဟုတ်ဘူး။

 တိပိဋကဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ(ကောင်းကြွယ်) ရေးသားသော တိပိဋကဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်။ ထိုစစ်ဆေးရန် တာဝန်ကျ ဗိုလ်မှူးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်။ ထိုခေတ် ထိုအခါကသတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည်။ ဘယ်မိန်းကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့် သတင်းများစွာ လွှင့်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် မြစ်ကြီးနားသို့ ခရီးစဉ်ထွက်သောအခါ တိပိဋကဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု သတင်းစာတွင် ၈ Point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို သတိထား သတိရသူများ ရှာဖွေကြပါကုန်။ တိပိဋကဆရာတော်သည် သံဃာညီညွတ်ရေးနှင့် သာသနာ့အရေးကိုသာ ကြည့်၍ နဝတအစိုးရအား သပိတ်မှောက်ပြုခဲ့ခြင်းသာဖြစ်သည်။ နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်းမဟုတ်ပါ။
၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ကြသော သံဃာတော်များမှာ အစိုးရမှ ယာယီသင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍ သံဃာတော်အစစ်အမှန်များသည် ဖြစ်သည်။ ယာယီအတုအယောင်များသည်လည်း မိဘဆွေမျိုး အသက်စည်းစိမ်အိုးအိမ်ကို ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။

သီလကြီးလေးပါး လုံခြုံလျှင်
သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာဖြစ်သည်။ သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင်မရှိခဲ့ပါပေ။ သံဃာတော်အဆက်ဆက်သည် ဒကာ ဒကာမတို့အပေါ်ဝယ် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်။ ကိုယ်တိုင်ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာမက ဒကာ ဒကာမတို့အား သံသရာဝယ် အထက်တန်းဘဝများသို့ တိုင်အောင် တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်ပေးတော်မူကြသည်။ သတ္တိဗျတ္တိရှိ၍ ထက်မြက်သော အတိုက်အခံလုပ်သည်ဟု အစိုးရမှယူဆသော သံဃာများမှာ အကြောင်းတစ်မျိုးမျိုးဖြင့် မိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်။ ဟိုးယခင် ခေတ်အခါက သာသနာတော်သန့်ရှင်းရေး အမည်တပ်လျှက် ထူးကြီးဆရာတော်၊ ဦးစံတင့်၊ စတုနိကာယကောဝိဒစသော ပုဂ္ဂိုလ်များ လူဝတ်လဲခံရသည်ကို ကြည့်လျှင် သိနိုင်ပေသည်။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း ထိုအကြောင်းကို သိ၍ ထိုသို့ပြုလုပ်ခံခဲ့ရလျှင် သက်တော်ရွယ်တော်နှင့် မိမိတို့ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရ သောကြောင့် ရေငုံနှုတ်ပိတ်သာ နေတော်မူကြရကုန်သည်။ ယခုအခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ သုံလာကြသည်။ မြန်မာနိုင်ငံတော်ဝယ် သံဃာဦးရေ အရမ်းများနေသည်။ သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော်သန့်ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့ အစပျိုးခြင်းလားဟု ထင်မိပါသည်။
အထူးသတိပေးချက်
သံဃာတော်များညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏ ဝိနည်းဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု ပြောစရာမလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်။ အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော စစ်မှန်သောဥပဒေပေါ်ပေါက်လာပါက စီးပွားရေး ခိုင်မာဖွံ့ဖြိုးလာပေမည်။ ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့က ယူဆနေကြသော သံဃာတော်များလည်း ယခုလောက် များတော့မည်မဟုတ်ပါ။ ဥပဒေမှန်ကန်ဖို့နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့သာ လိုပေသည်။ တာဝန်ကိုယ်စီကျေပွန်ကြဖို့ အရေးကြီးသည်။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုမုဆိုးအား အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို မြင်ရသောအခါ ဘုရား ပစ္စေကဗုဒ္ဓါတို့၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည်။ ဒီလိုအဝတ်မျိုး ဘဝသံသရာတွင် တွေ့ကြုံရဖို့ အလွန်ခဲယဉ်းသည်။ ငါသည်လည်း ပါရမီဖြည့်နေသော ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်သည်။ သူ့အသက်ကို မသေစေကောင်းဟုသာ ကြည်စွာလွှတ်ပေးရုံမက ဆင်စွယ်တစ်စုံ၊ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန် ပရိတ်အရံအတားများဖြင့် ချီးမြှောက်တော်မူခဲ့သည်။
သြကာသပင် ဖြောင့်အောင်မရသော တချို့သော လူတန်းစားများသည် သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့ အင်မတန်မှ ခက်ခဲလေသည်။ မိမိဘဝကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သောသူများအား မပြစ်မှားမိစေဖို့ စေတနာဖြင့် ရေးသားရပါသည်။ သာသနာတော်အတွက် အန္တရာယ်ကျရောက်မည့် အခါတိုင်း သံဃာတော်သည် ကြောင့်ကြမဲ့ နေတော်မမူကြပါပေ။မိမိရေးသားသောစာသည် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ ရည်ရွယ်၍ ရေးသားသည်မဟုတ်ပါ။ နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မဝင်စား၊ မပျက်စီးသင့်သောသူများ ဘဝသံသရာ မပျက်စီးစေဖို့၊ သံဃာဂိုဏ်းမသင့်စေဖို့ မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ မဖြစ်စေဖို့ သာသနာအရှည်ခံ့၍ တည်တံ့စေဖို့သာ ရည်ရွယ်ပါသည်။ ဤသစ္စာစကား မှန်ကန်ပါက အမိမြန်မာပြည် အေးချမ်းသာယာ၍ သာသနာတော်သည် နေလိုလလို ထွန်းလင်းတောက်ပပါစေသတည်း။ အမြဲတမ်း ဘေးမသင့်ဘဲ အေးချမ်းသာယာ သံသရာဝယ် ချမ်းသာပျော်ရွှင်စွာ ဘဝခရီးကို ဖြတ် နိဗ္ဗာန်အထိတက်လှမ်း နိုင်ကြပါစေ။ (ဘဒ္ဒန္တတိက္ခဥာဏာလင်္ကာရ)
ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အချိန်မှာ ဦးခင်ညွန့် အကျယ်ချုပ်ဘဝနဲ့ သွားကန်တော့သည်ဟု သိရသည်။ သို့သော် အချိန်နှောင်းခဲ့ပြီ။
ဆရာတော် ဘဒ္ဒန္တတိက္ခဥာဏာလင်္ကာရ၏ သံဃာ့ဂိုဏ်းမသင့်စေဖို့ ဆောင်းပါးအား မူရင်းအတိုင်း မျှဝေသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)



Viewing all articles
Browse latest Browse all 296

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)